အမိန့်ကြော်ငြာစာ အမှတ် ၁ /၂၀၂၃ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) အား ဖျက်သိမ်းခြင်း

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား တရားဝင် အုပ်ချုပ်နေသည့် အစိုးရထံမှ နိုင်ငံတော် အာဏာသိမ်းယူရန် ကြိုးပမ်းမှုကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများမှ စစ်တပ်အပေါ်တွင်ရှိသည့် သြဇာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကျူးလွန်ခဲ့ပါသည်။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီအမည်ခံ အဖွဲ့ဝင် များသည် နိုင်ငံတော်အာဏာ သိမ်းယူရန် ကြိုးပမ်းခဲ့ရာမှ နိုင်ငံတော်ပုန်ကန်မှုများကို ကျူးလွန်ခဲ့ ကြပြီး၊ ပြည်သူလူထုအား လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သား ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရဟတ်ယာဉ်များ အသုံးပြု၍ ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။


၂။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)သည် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ် အများပြည်သူအကျိုးကို ဦးစား ပေးရန် တာဝန်ရှိသော်လည်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ကူညီခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများအား စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ရိုက်ကျူးလွန်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် အကျိုးပြုနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက သုံးသပ်တွေ့ ရှိရသည့် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Chambers of Commerce and Industry, the Republic of the Union of Myanmar) အား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းလိုက်သည်။


၃။ ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ အသင်းချုပ်၏ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေတစွန်းတစကိုမျှ ထုတ်နုတ်သုံးစွဲခြင်း မပြုရန် တားမြစ်လိုက်သည်။


၄။ ဤအမိန့်ထုတ်ပြန်ပြီးနောက် အဆိုပါအဖွဲ့အစည်းတွင် ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ပူး‌ပေါင်း လုပ်ဆောင်ခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲခြင်း၊ ယင်းအဖွဲ့အစည်း၏ အမည် ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်သော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက် စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အ‌ရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၄/၂၀၂၃ ၏ ဆုံးဖြတ်ချက်အရ ကြေညာလိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MOC

#NUG

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top