
“ကြားကာလအတွင်း MSME စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သတ်၍ မိတ်ဆက်၊ အသိပေးခြင်းအခမ်းအနား” ကျင်းပခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာသည် “ကြားကာလအတွင်း MSME စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သတ်၍ မိတ်ဆက်၊ အသိပေးခြင်းအခမ်းအနား” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသအသီးသီးမှ CDM ဝန်ထမ်းများ၊ စီးပွားရေးတာဝန်ခံများ နှင့် စိတ်ပါဝင်စားသည့် တော်လှန်ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ နိုင်ငံတနိုင်ငံ၏ စီးပွားရေးအဆောက်အအုံတွင် ပြည်သူလူထု၏ အကျိုးစီးပွား ဖြစ်ထွန်းလာစေရေးအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍသည် မည်မျှအရေးပါအရာရောက်ကြောင်း၊ ပြည်သူလူထုအခြေပြုသည့် MSME စီးပွားရေးလုပ်ငန်းများအား အားပေးဆောင်ရွက်သင့်ကြောင်း၊ ယခုတော်လှန်ရေးကာလတွင် MSME လုပ်ငန်းများသည်သာလျှင် စီးပွားရေးအရ ခံနိုင်ရည်ရှိစေရေးအား အကောင်အထည်ဖော် ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ကြောင်း၊ စစ်ဘေးရှောင်ဒေသများနှင့် တော်လှန်ရေးအင်အားစုများအတွက် ရေရှည်တိုက်ပွဲကို ဆင်နွှဲနိုင်ရေးအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် ဝင်ငွေတိုးပွားရရှိရေးတို့အတွက်လည်း MSME လုပ်ငန်းများကို လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ASEAN’s SME Development Strategic Action Plan (2016-2025) အရ ထုတ်လုပ်မှုမြှင့်တင်ရန်၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများအား မြှင့်တင်ရန်နှင့် ဘဏ္ဍာငွေရရှိနိုင်မှု အားကောင်းစေရန်၊ ဈေးကွက်ရရှိနိုင်စေရန်၊ ပိုမိုအားကောင်းသော မူဝါဒများချမှတ်နိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့တိုးတက်အောင် လုပ်ဆောင်နိုင်စေရန် နှင့် စွန့်ဦးတီထွင်မှုများကို အားပေးမြှင့်တင်ရန် တို့အတွက် မဟာဗျူဟာမြောက်ပန်းတိုင်များ ချမှတ်ထားရှိရာ တိုင်းပြည်တစ်ပြည်၏ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များအနေနှင့်သာမက ယခုကဲ့သို့ စစ်မက်ဖြစ်ပွားရာကာလတွင်လည်း ပြည်သူလူထု၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးအရခံနိုင်ရည်ရှိစေရန် လွတ်မြောက်နယ်မြေများ၊ ပဋိပက္ခဖြစ်ပွားမှုနှင့် လွတ်ကင်းရာနေရာများ၌လည်း MSME လုပ်ငန်းများလိုအပ်ကြောင်း၊ သို့မှသာ တော်လှန်ရေးအောင်မြင်မှုနင့် စစ်ဘေးရှောင်ကူညီဆောင်ရွက်နိုင်ရေး လုပ်ဆောင်နိုင်မည်ဖြစ်ရာ စီးပွားရေးခံနိုင်ရည်ရှိမှု တည်ဆောက်ရန်အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထိုကဲ့သို့သော ရည်မှန်းချက်များဖြင့် MSME Development Centre အားတည်ထောင်ထားခြင်းဖြစ်ပြီး MSME လုပ်ငန်းများအား နည်းပညာအရအကူအညီပေးမှုများအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ Business Coaching များ လုပ်ဆောင်ပေးခြင်းနှင့် ငွေကြေးအရ အကူအညီပေးခြင်းများကိုလည်း ရရှိသည့် ဘတ်ဂျက်များအပေါ် မူတည်၍ ပြဌာန်းချက်ဘောင်အတွင်း တတ်စွမ်းသရွေ့လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုကဲ့သို့ စီးပွားရေး မှတ်ပုံတင်ခြင်းများအတွက် ဆောင်ရွက်မှုများမှ မှတ်ပုံတင်ကြေးများကိုလည်း CDM များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ စီးပွားရေးအရ ပြန်လည်ထူထောင်နိုင်ရေးအတွက် အဓိကအသုံးပြုသွားမည်ဖြစ်ရာ ပြည်သူမှ ပြည်သူသို့ အကူအညီပေးလုပ်ဆောင်မှုများဖြစ်ကြောင်း၊ ထိုမှတဆင့် နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုအကူအညီများ ပေးအပ်သွားနိုင်ရန်အတွက်များကိုလည်း ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ရာ အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ အရေးကြီးဆုံးတစ်ချက်အနေဖြင့် စစ်အုပ်စုမှ ပြည်သူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘဝရပ်တည်ရေးတို့ကို အဘက်ဘက်မှ ဖိနှိပ်ဖျက်ဆီးမှုများကို မိမိတို့အားလုံးမှ ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းတည်ဆောက်ကြစေလိုကြောင်း ထပ်လောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ MSME Development Centre မှ ညွှန်ကြားရေးမှူးနှင့်တကွ တာဝန်ရှိသူများမှလည်း စင်တာ၏ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များ၊ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအကြောင်းအရာများနှင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းနည်းလမ်းများကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများက ရှင်းလင်းတင်ပြချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံပြုချက်များနှင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်တကွ၊ တာဝန်ရှိသူတို့မှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က အခမ်းအနားသို့တက်ရောက်လာကြသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် စီးပွားရေးတာဝန်ခံများ၊ ဌာနဆိုင်ရာအသီးသီးမှ CDM သူရဲကောင်းများနှင့် စိတ်ပါဝင်စားစွာ တက်ရောက်လာကြသော ဆရာ၊ဆရာမများအားလုံးတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ အခမ်းအနားတွင် ဝန်ကြီးဌာနမှ တင်ပြဆွေးနွေးခဲ့ကြသည်များအပေါ် စိတ်ပါဝင်စားစွာနားထောင်ပေးခဲ့ကြပြီး သိလိုသည်များကို တက်တက်ကြွကြွနှင့် မေးမြန်းဆွေးနွေးပေးခဲ့ကြသော ဆရာ၊ ဆရာမများကိုလည်း ထပ်လောင်း၍ အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး အခမ်းအနားကို မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် အောင်မြင်စွာဖြင့် ကျင်းပပြီးမြောက်ခဲ့ပါသည်။
လုပ်ငန်းမှတ်ပုံတင်များကို စိစစ်ချမှတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ ပြည်နယ်/ Federal Unit အသီးသီးမှ ခေါင်းဆောင်များအား တင်ပြ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

