Micro, Small and Medium-sized Enterprises Day 2023 အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း

“Micro, Small and Medium-Sized Enterprises Day “အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ “Micro ,Small and Medium- Sized Enterprises Day ” အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီမှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ CDM ဝန်ထမ်းများ၊ စီးပွားရေးတာဝန်ခံများ နှင့် စိတ်ပါဝင်စားသည့် တော်လှန်ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီဥက္ကဌ၊ ဦးဥက္ကာမင်းမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသားတိုင်းဝင်ငွေတိုးတက်ရရှိရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အရေးကြီးကြောင်း၊ ယခုအချိန်သည် တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဖက်ဖက်မှ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေရခြင်းကြောင့် စီပွားရေးလုပ်ငန်းရှင်များ နှင့်အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံသားတိုင်း လူ့အခွင့်အရေး အပြည့်အဝရှိစေမည့် အနာဂတ် ဖစ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးမှာ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MSME Development Centre မှ ညွှန်ကြားရေးမှူးက MSME day ပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်းနှင့် အရေးပါပုံ၊ MSME ၏ အတားအဆီး-၁၁ချက် တို့ကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက နိုင်ငံတနိုင်ငံ၏ စီးပွားရေးအဆောက်အအုံတွင် ပြည်သူလူထု၏ အကျိုးစီးပွား ဖြစ်ထွန်းလာစေရေးအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍသည်အရေးကြီးကြောင်း၊ ကမ္ဘာကြီးမှမျှော်မှန်းထားသော (၂၀၃၀ မှာ sustainable development goal) ပြည့်မှီအောင်ဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးနှင့်လူငယ် လုပ်ငန်းရှင်များပေါ်ပေါက်လာစေရေးအတွက် မဟာဗျူဟာချမှတ်ပေးရေး၊ အမျိုးသမီးများပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများပိုမိုတိုးချဲ့နိုင်ရေး၊စီးပွားရေးနှင့် ပတ်သက်သောဗဟုသုတရရှိရေး၊ငွေကြေးလက်လှမ်းမှီစေရေး၊တီထွင်ဆန်းသစ်မှုတို့ကိုအားကောင်းစေရေး၊ တို့ကိုဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး MSME day, 2023 ၏ဆောင်ပုဒ်ဖြစ်သော

“Galvanizing MSMEs Worldwide by Supporting Women and Youth Entrepreneurship and Resilient Supply Chains” နှင့် ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တိုင်းပြည်၏ MSME လုပ်ငန်းများ အားကောင်းလာစေရေးအတွက် အတားအဆီးဖြစ်နေသော လက်ဝါးကြီးအုပ်စီးပွားရေးရေးစနစ် အဆောက်အဦကို ဖျက်ဆီးနိုင်မှ စီးပွားရေးအုတ်မြစ်ကိုချနိုင်ရန် အတွက်လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးမှ ၁။ SME နှင့်ခရီးသွားလုပ်ငန်းများအကြောင်း၊ ၂။အောင်မြင်မှု မှတ်တိုင်များ ဆီသို့ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပါသည်။

နိဂုံးချုပ် အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် စီးပွားရေးတာဝန်ခံများ၊ ဌာနဆိုင်ရာအသီးသီးမှ CDM သူရဲကောင်းများနှင့် စိတ်ပါဝင်စားစွာတက်ရောက်လာ ကြသော ဆရာ၊ဆရာမများအားလုံးတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ အခမ်းအနားတွင် ဝန်ကြီးဌာနမှ တင်ပြ ဆွေးနွေးခဲ့ကြသည်များအပေါ် စိတ်ပါဝင်စားစွာနားထောင်ပေးခဲ့ကြသော ဆရာ၊ ဆရာမများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး အခမ်းအနားကို မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် အောင်မြင်စွာဖြင့် ကျင်းပပြီးမြောက်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top