“တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအစီအစဉ်မှရရှိသည့် ရန်ပုံငွေများ ခွဲဝေထောက်ပံ့မှုနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရေးရာကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲ”

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအစီအစဉ်မှ ရရှိသည့် ရန်ပုံငွေများ ခွဲဝေထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် (တနင်္ဂနွေနေ့)၊ ၁၈:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက Myanmar Institute of Economy, Commerce and Industry (MIECI) အနေဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် “တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းနှင့်စပ်လျဉ်း၍ ပထမအကြိမ် Mini-MBA သင်တန်းဖွင့်လှစ်အောင်မြင်ခဲ့မှုအခြေအနေများ၊ သင်တန်းသားတက်ရောက်မှု၊ ရန်ပုံငွေ ရရှိမှုနှင့် ဝန်ကြီးဌာနမှ ဆက်လက်ဖွင့်လှစ်လုပ်ဆောင်မည့် သင်တန်းများ၊ စီမံချက်များအား ဦးစွာရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက “တော်လှန်ထောက်ကူ ပညာယူ” ကမ်းပိန်းမှ ရရှိသည့် ရန်ပုံငွေများအား တော်လှန်ရေး အရှိန်အဟုန် ရေချိန်မြင့်မားလာသည်နှင့်အမျှ မြေပြင်တွင် အမှန်တကယ်လိုအပ်‌နေသည့် တော်လှန်ရေးအင်အားစုများအား ချိတ်ဆက်ပံ့ပိုးနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်နိုင်မည့် ပရိုဂရမ်များ ဖော်ဆောင်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးကာ တွေ့ဆုံမှုအား ၁၉:၄၅ နာရီအချိန်တွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top