“အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း ကြေညာခြင်း”

https://nugmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ခုနှစ်၊ မတ်လ (၃၀)ရက်

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် Telegram Channel – https://t.me/nugpublicaffairsbot ကို ယနေ့ စတင်ဖွင့်လှစ်လိုက်သည်။

လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရေးရာဝန်ဆောင်မှုကို အဓမ္မစစ်သားစုဆောင်းမှုနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်ပြီး နေ့စဉ် နံနက် (၁၀) နာရီမှ ည (၁၀) နာရီအထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

အကြမ်းဖက်စစ်အုပ်စုလုပ်ဆောင်နေသော အတင်းအဓမ္မစစ်သားစုဆောင်းမှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အထက်ပါ Channel မှတဆင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် အဓမ္မစစ်သားစုဆောင်းခြင်းဖြင့် မိမိတို့အား ထပ်မံဖိစီးနှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စုအား သက်ဆိုးရှည်စေရန် ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ပြည်သူ့ရေးရာဝန်ဆောင်မှု Channel အသုံးပြုနည်းလမ်းညွှန်ကို ပူးတွဲထုတ်ပြန်အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top