ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်နိုင်မည့် မြေပြင်လုပ်ငန်းများအတွက် ညှိုနှိုင်းအစည်းအဝေး တစ်ရပ် ပြုလုပ်ကျင်းပ

ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်နိုင်မည့် မြေပြင်လုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေး တစ်ရပ် ပြုလုပ်ကျင်းပ

========================================

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီသည် အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက် (တနင်္လာနေ့)၊ ၁၆၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ရေးရာကော်တီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ဝန်ကြီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ တကယ့်မြေပြင်လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက်သာမက ရလဒ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ဝန်ကြီးဌာနနှင့် မိမိတို့ကော်မတီအကြား ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများ၊ မူဝါဒများရေးဆွဲထားရှိမှု၊ ကော်မတီ၊ ကော်မရှင်များတွင် ပါဝင် အကောင်အထည်ဖော် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု၊ နိုင်ငံတကာနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှု၊ ဘဏ္ဍာငွေကြေးအသုံးပြုမှု၊ အကန့်အသတ်နှင့် စိန်ခေါ်မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းစဥ်များ၊ MSME Developing Center ၏ လုပ်ငန်းစဥ်များ၊ Spring Rose Enterprise (နွေဦးနှင်းဆီ) ၏ Fund Raising ဆိုင်ရာကိစ္စများအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်သူ့ရေးရာကော်မတီဝင်များက မြေပြင်အခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား တင်ပြရာတွင် ဝန်ကြီးဌာနမှ ဆက်လက် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းဖြေကြားခဲ့ပြီး Livelihood Survey ကောက်ယူရန်၊ အမျိုးသမီးများအသံစုစည်း၍ စီပွားရေး စကားဝိုင်းများပူးတွဲပြုလုပ်ရန်၊ ပြည်နယ်၊ တိုင်းအလိုက် စီးပွားရေးတာဝန်ခံများထားရှိရန် ဆွေးနွေးကာ အစည်းအဝေးအား ၁၇၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top