Women and Economic Empowerment Forum ကျင်းပခြင်း

“Women and Economic Empowerment Forum” ကျင်းပခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၃ ခုနှစ် ၊ မတ် (၁၃) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်၊ အမျိုးသမီးနှင့် စီးပွားရေး စွမ်းဆောင်ရည် မြှင့်တင်မှု ဖိုရမ်ကို ၁၁-၃-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ Dr.မေဝင်းမြင့်က နွေဦးတော်လှန်ရေးတွင် စိန်ခေါ်မှု များစွာရှိသည့်အနက် ရှေ့တန်းကနေ စွမ်းစွမ်းတမံပါဝင်ခဲ့ကြသည့် အမျိုးသမီးများအားလုံးကို ဂုဏ်ယူပါကြောင်း၊ နည်းပညာဖန်တီးမှုတွင်လည်း အမျိုးသမီးလူငယ်များသည် စွန့်ဦးတီထွင်ဖန်တီး စွမ်းဆောင်လာနိုင်ကြသည်ကို တွေ့မြင်ရကြောင်း၊ အမျိုးသမီး နှင့် စီးပွားရေးတွင် ခွဲခြားဆက်ဆံမှုကို နေ့စဉ်နှင့်အမျှ ခံစားနေရပြီး အတားအဆီးများကို ရင်ဆိုင်နေရကြောင်း၊ အမျိုးသမီးတိုင်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အမျိုးသမီးဘေးကင်းလုံခြုံရန်၊ ကျန်းမာ ပျော်ရွှင်ရန် အတွက် အားပေးရန် လိုအပ်ပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာ လှလှစိုးက အမျိုးသမီးများသည် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည့်တို့တွင် တန်းတူညီမျှ မရသေးသည့် အခြေအနေတွင် ရင်ဆိုင်နေရကြောင်း၊ ၂၀၂၃ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် Embrace Equity ဆိုသည့် အတိုင်း အမျိုးသမီးများကို မျှတူညီတူဖြစ်အောင် အထူးပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ဖိုရမ်သည် ယနေ့ခေတ်နှင့် ကိုက်ညီကြောင်း၊ လက်မှု့လုပ်ငန်း၊ ဒေသထွက်လုပ်ငန်းများတွင် အမျိုးသမီးများသည် အခွင့်အရေးများ ရမည်ဆိုပါက စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများအတွက် ညီမျှခွင့်တူ ရရှိရန် စွမ်းဆောင် ပံ့ပိုး ပေးရမည် ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အငယ်စား၊

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စင်တာမှ ညွှန်ကြားရေးမှူး

ဒေါ်ရွှေစင်မှ “International Women’s Day” ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြောကြားခဲ့ပြီး

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး

ဒေါ်ခင်မမမျိုးက Women Movement Building and Economic Empowerment ခေါင်စဉ်ဖြင့်

ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ “Women’s Economic Empowerment” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို

ကျင်းပဆောင်ရွက်ခဲ့ရာ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ

သဘောတရားများ နှင့်နိုင်ငံတာတွင် လုပ်ဆောင်ချက်များ၊ အထည်အလိပ်လုပ်ငန်းနှင့်

ပတ်သက်သည့် အတွေ့အကြုံများ၊ အခက်အခဲ၊ အတားအဆီးများ၊ အမျိုးသမီး စွန့်ဦး

တီထွင်စီးပွားရေးလုပ်ငန်းရှင်၏ ဆောင်ရွက်ခဲ့ရသည့် အတွေ့အကြုံ၊ အတားအဆီးများနှင့်

ရင်ဆိုင်ကျော်လွှားခဲ့သည့် နည်းလမ်များ စသည့် တို့ကို ဆွေးနွေးခဲ့ကြပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ

အမြဲတမ်းအတွင်းဝန်က ကျေးဇူးတင်စကားကို ပြောကြားခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသော

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်တကွ ဌာနဆိုင်ရာမှ ဆရာ၊ ဆရာမများ၊

CDM’s၊ တော်လှန်ပြည်သူများ၊ ပါဝင်ဆွေးနွေးပေးကြသော ဆရာ၊ဆရာမများအားလုံးကို

ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နှစ်စဉ် မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သလို မတ်လသည် အမျိုးသမီးများကို ဂုဏ်ပြုသောလလည်း ဖြစ်ကြောင်း၊ ယနေ ကမ္ဘာပေါ်မှာရှိသည့် အမျိုးသမီးများ၏ စွမ်းဆောင်မှုအရည်အသွေးများသည် အမျိုးသားများနည်းတူ တန်းတူ ရင်ဘောင် တန်းနိုင်သည်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံရေးတွင် အမျိုးသမီးများနှင့် မသက်ဆိုင်ကြောင်း အစဉ်အဆက် ချန်လှပ်ထားသော်လည်း နိုင်ငံရေးနှင့်တော်လှန်ရေးသမိုင်းတစ်လျှောက်တွင် အမျိုးသားများ နည်းတူ ရဲရင့်စွာပါဝင်လျက်ရှိသည်မှာ ငြင်းမရသည့် အမှန်တရားဖြစ်ကြောင်း၊ ကျန်းမားရေးစောင့်ရှောက်မှုကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူမှု့ပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကဏ္ဍ၊ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးကဏ္ဍ၊ ဆုံးဖြတ်ချက်ချမှတ်ရေး နှင့် ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍ အစရှိသော နယ်ပယ်ပေါင်းစုံ များတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နေကြသော အမျိုးသမီးများအားလုံးကို လေးစားဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။

အပြည်ပြည် ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်၊ အမျိုးသမီးနှင့် စီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်မှု ဖိုရမ်ကို မြန်မာစံတော်ချိန် ည ၈ နာရီအချိန်၌ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top