
ကမ္ဘာ့ဘဏ်မှ ဦးစီး၍ ဝါရှင်တန်ဒီစီ ၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသည့် Fragility Forum 2024: Adapting and Innovating in a volatile world ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲ၌ ၂၀၃၀ တွင် ကမ္ဘာ့လူဦးရေ၏ (၆၀) ရာခိုင်နှုန်းနေထိုင်ရမည့် Fragile and Conflict Situations (FCS) အခြေအနေများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကမ္ဘာ့ခေါင်းဆောင်များ၊ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှ အစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ လုံခြုံရေးကျွမ်းကျင်သူများ၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးဆောင်ရွက်နေသူများနှင့် လူသားချင်းစာနာမှုရေးရာ ဆောင်ရွက်နေကြသူများ အပါအဝင် ကဏ္ဍစုံမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ကြီးစွာသော ကမ္ဘာ့စိန်ခေါ်မှုဖြစ်သည့် Fragility, Conflict and Violence (FCV) ဆိုင်ရာ နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်ပြီး လက်တွေ့ဖြေရှင်းဆောင်ရွက်နိုင်မည့် အမြင်သဘောထားများ၊ သင်ခန်းစာများကို ရယူလေ့လာခဲ့ကြပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ချိတ်ဆက်ပေါင်းစပ်၍ ဦးစားပေးဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။



