ကြေညာချက်အမှတ်(၁၇/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

ကြေညာချက်အမှတ်(၁၇/၂၀၂၂)

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး လမ်းကြောင်းများမှနေ၍ ဦးကျော်မင်းယု(ခ) ဦးဂျင်မီ ၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော်တို့အား ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အင်းစိန်အကျဉ်းထောင်သို့ သွားရောက်စုံစမ်းမေးမြန်းသော မိသားစုဝင်များကို အကျဉ်းထောင်အာဏာပိုင်များက ထုတ်ပြန်ချက်အတိုင်းဖြစ်သည်ဟု အတည်ပြုခဲ့ပြီး ကျန်ရစ်သော ရုပ်ကလာပ်များကိုလဲ ပေးအပ်နိုင်ခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရှိရပါသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ထူထောင်သူတစ်ဦးလဲဖြစ် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလဲဖြစ်သည့် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သည့် ဦးဖြိုးဇေယျာသော် အပါအဝင် ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား တရားဥပဒေမဲ့စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် ဥပဒေအရ၊ လူ့ကျင့်ဝတ်စံနှုန်းများအရ မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ဖွယ်မရှိသောလုပ်ရပ်ဖြစ်ကာ အဆိုပါ ကိစ္စရပ်တွင် တာဝန်ရှိသူ တစ်ဦးတစ်ယောက် မကျန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူခံရစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် နိုင်ငံရေးနည်းလမ်း၊ နိုင်ငံခြားရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ထိရောက်ပြင်းထန်သော တုံ့ပြန်ဆောင်ရွက် မှုများကို စနစ်တကျ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်သည်။

အကျဉ်းထောင်အတွင်း တရားမဲ့သတ်ဖြတ်ခံခဲ့ရသူများအပါအဝင် နွေဦးတော်လှန်ရေးကာလ တလျောက် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသည့် နွေဦးသူရဲကောင်းအားလုံးတို့၏ ရင်းနှီးပေးဆပ်ခဲ့မှုများအတွက် ကျန်ရစ်သူ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အားလုံးနှင့်ထပ်တူ ပူဆွေးဝမ်းနည်းရပါကြောင်း ဖော်ပြလျက် ဦးညွတ်အလေးပြုအပ်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ကျဆုံးသွားကြသော နွေဦးသူရဲကောင်းများ၏ ကျေးဇူးဂုဏ်ကို ဦးထိပ်ပန်လျက် အကြမ်းဖက် ဖက်ဆစ်ဝါဒ မြန်မာ့မြေပေါ်မှ အပြီးတိုင် အမြစ်ပြတ်ပျောက်ကွယ်သွားစေရေးကို ပြည်သူလူထုနှင့်အတူ တွဲလက်မြဲမြံစွာဖြင့် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု သန္နိဌာန်ပြုပါသည်။ ပြည်သူများ၊ မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော် ရဲဘက်များအားလုံး သည်လည်း ပူဆွေးဝမ်းနည်းစိတ်၊ နာကျင်ခံပြင်းစိတ်များကို စိတ်ခွန်အားများအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးကို ကျရာနေရာမှပါဝင်ကာ အောင်မြင်ပြီးဆုံးသည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားကြမည်ဟု ယုံကြည်ပါသည်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များအား ယခုကဲ့သို့ တရားမဲ့ကျူးလွန် သတ်ဖြတ်သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် နိုင်ငံ၏အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် လုံးဝဆန္ဒမရှိသည်ကို ထပ်မံသက်သေထူပြသခြင်း ဖြစ်ပေသည်။ အကြမ်းဖက်စစ်တပ်အား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် လက်ရှိရင်ဆိုင်နေရသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်စေမည့် အဖြေဖြစ်နိုင် လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထား အမှန်ကို နားလည်သဘောပေါက်ကြသင့်ပြီဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားကြသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက် နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ရပ်တန့်ပြီး နောင်အနာဂတ်တွင် ယခုကဲ့သို့ကျူးလွန်မှုများ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန်အတွက် မြန်မာပြည်သူလူထု၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားညီနောင်အင်အားစုများ၊ ဒီမိုကရေစီအရေး လှုပ်ရှားရုန်းကန်နေကြသူများနှင့် အတူရပ်တည်ပြီး မြန်ဆန်ထိရောက်သော အကူအညီများ ပေးခြင်းဖြင့် လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ်ခြိမ်းခြောက်လျက်ရှိသည့် အကြမ်းဖက် ဖက်ဆစ်စနစ်ကို အဆုံးသတ်ပေးကြရန် တိုက်တွန်းပြောကြားလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ

1 thought on “ကြေညာချက်အမှတ်(၁၇/၂၀၂၂)”

  1. I do trust all the ideas youve presented in your post They are really convincing and will definitely work Nonetheless the posts are too short for newbies May just you please lengthen them a bit from next time Thank you for the post

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top