၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Economy, Commerce and Industry (MIECI)မှ CDMဝန်ထမ်းများနှင့် CDM ကျောင်းသား၊ကျောင်းသူများ၊ CDMဝန်ထမ်းများ၏ သားသမီးများအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ၊ အတွင်း၀န်များ၊ စီးပွားရေးတာဝန်ခံများ၊ သက်ဆိုင်ရာဌာနအသီးသီးမှတာ၀န်ရှိပုဂ္ဂိုလ်များ၊ CDMဝန်ထမ်းများနှင့် CDMကျောင်းသား၊ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးက တိုင်းပြည်တည်ဆောက်ရာတွင် တိုင်းပြည်၏နောင်အနာဂတ်အတွက် ဥာဏ်ပညာအမြော်အမြင်ပေါ်တွင် အခြေပြုသော၊ ပညာဥာဏ်ဖြင့် ဆုံးဖြတ်နိုင်သော လူ့အဖွဲ့အစည်း၊ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်နှင့် လုပ်ငန်းစဥ်များကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းလုပ်ဆောင်ရန်အတွက် ဒေါက်တိုင်တခုဖြစ်သော Knowledge Economy ကို တည်ဆောင်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာကို မလွှဲမသွေ တတ်မြောက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ စစ်အာဏာရှင်ဖြိုချရေးတွင် အဓိကဆောင်ရွက်ခဲ့သော CDM အင်အားစုများအနေနှင့် နောက်ပိုင်းတွင် Economy state building process များ တွင် ကျွမ်းကျင်နိုင်နင်းလုပ်ဆောင်နိုင်စေရန် Capacity Building သင်တန်းများတွင် ပါဝင်နိုင်ပါရန် ပန်ကြားဖိတ်ခေါ်ရင်း အဖွင့်အမှာစကားကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ CDM Success Committee မှ တွဲဘက်အတွင်းရေးမှူး ဒေါက်တာဥက္ကာက ယခုကဲ့သို့ CDMဝန်ထမ်းများ၊ CDM ကျောင်းသား၊ ကျောင်းသူများ အချိန်အဆက်မိမိ အဆက်မသွယ်မပြတ်ဘဲ တစိုက်မတ်မတ်ရှိနေခြင်းသည် တော်လှန်ရေးအတွက် အင်မတန် ကြီးမားသော အင်အားတခုဖြစ်စေကြောင်း၊ ယခုကဲ့သို့ Capacity Building များသည် တိုင်းပြည်ပြန်လည်ထူထောင်ရာတွင် အဓိကလူသားအရင်းအမြစ်များဖြစ်လာမည့်အတွက် တော်လှန်ရေးအင်အားစုများအချင်းချင်း ဆက်လက်ချိတ်ဆက်၍ မိမိတို့ကျွမ်းကျင်ရာများကို ဆက်လက်လေ့လာပြီး တော်လှန်ရေးအလုပ်များကို တစိုက်မတ်မတ်လုပ်နေခြင်းသည် လွန်စွာ အရေးကြီးသည့်အတွက် အင်မတန်ဂုဏ်ယူရကြောင်း အမှတ်တရစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်ကြားပေးမည့် သင်တန်းဆရာမှ ယခုကဲ့သို့ CDM၀န်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူ များစွာကို သင်ကြားပေးရမည့်အတွက် ၀မ်းသာဂုဏ်ယူမိပါကြောင်းနှင့် တတ်စွမ်းသမျှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားရင်း မိတ်ဆက်စကားပြောဆိုခဲ့ပါသည်။
နောက်ဆုံးအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေး၀န်ကြီးဌာန၊အမြဲတမ်းအတွင်း၀န်က ယခုကဲ့သို့ ပညာရေးဖြင့် စဥ်ဆက်မပြတ်သင်ယူမှုများလုပ်ဆောင်နေခြင်းနှင့် ပညာရေးဖြင့် စဥ်ဆက်မပြတ်တော်လှန်နေခြင်းသည် တော်လှန်ရေးအပြီး နိုင်ငံပြန်လည်တည်ဆောက်ရာတွင် အင်အားပြည့်ပြည့်ရှေ့ဆက်သွားနိုင်ရန်အတွက် ၀မ်းစာဖြည့်တင်းခြင်းပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ CDMer များ ချိတ်ဆက်တက်ရောက်ပေးသည့်အတွက် အလွန်၀မ်းသာရကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။

