
” MSMEs and Economic Security” အလုပ်ရုံဆွေးနွေးပွဲကျင်းပဆောင်ရွက်ခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစင်တာမှကျင်းပပြုလုပ်သော ” MSMEs and Economic Security” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၅၊၆)ရက် နေ့ မြန်မာစံတော်ချိန် ညနေ ၆နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားရေးရာကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်၊ တိုင်းနှင့်ပြည်နယ်မှ စီးပွားရေး တာဝန်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ CDM ဝန်ထမ်းများ၊ Diploma in Public Policy ၊ Mini MBA မှ သင်တန်းသားများနှင့် စိတ်ပါဝင်စားသည့် တော်လှန်ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
” MSMEs and Economic Security” အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ စီးပွားရေးလုံခြုံမှုသည် စားနပ်ရိက္ခာလုံခြုံမှု၊ အလုပ်အကိုင်လုံခြုံမှု၊ ၀င်ငွေလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ လူနေမှုအဆင့်အတန်းလုံခြုံမှုများနှင့် ဆက်စပ်သက်ဆိုင်နေကြောင်း၊ နိုင်ငံရေးလုံခြုံမှု၊ စစ်ရေးလုံခြုံမှု၊ ပြည်သူ့ရေးရာလုံခြုံမှု၊ အုပ်ချုပ်ရေးလုံခြုံမှု၊ ဥပဒေပြုရေးလုံခြုံမှု ၊ တရားစီရင်ရေးလုံခြုံမှု၊ လူမှုရေးလုံခြုံမှု အစရှိသည့် လုံခြုံမှုများအပေါ်တွင်လည်း စီးပွားရေးလုံခြုံရေးဆိုင်ရာ အခြေအနေများက အကောင်းနှင့်အဆိုး၂မျိုးလုံးပေါ်တွင် အင်အားကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း၊ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ချေမှုန်းပြီး နွေဦးတော်လှန်ရေး ပြီးဆုံးသောအချိန်တွင် မိမိတို့၏မိသားစုဘ၀ ပြန်လည်တည်ဆောက်သည့်အခါ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် အသိပညာဗဟုသုတများဖြင့် လိုအပ်သောနေရာ၌ ပြန်လည်အသုံးချနိုင်ပါရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တွဲဘက်အတွင်းဝန်မှ ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် လုံခြုံရေးကဏ္ဍ၏ အရေးပါမှုများ၊ အမျိုးသားလုံခြုံရေး နှင့် ပတ်သက်သောအခြေခံအချက်များ၊ မဟာဗျူဟာရေးဆွဲခြင်းများ၊ လူသားလုံခြုံရေးနှင့်ပတ်သက်သော သဘောထားတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် MSME Development Centre မှ MSME Officer က စီးပွားရေးလုံခြုံမှုနှင့်ပတ်သက်၍ စီးပွားရေးလုံခြုံရေးအတွက် လုပ်ငန်းခွင်လုံခြုံရေး၏ အရေးပါသော ကဏ္ဍကြီး ၇ခု အကြောင်း နှင့် နိုင်ငံတော်စီးပွားရေးလုံခြုံမှုတွင် အရေးပါသော လုပ်ဆောင်ချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာသူများမှ အုပ်စုဖွဲ့ ဆွေးနွေးကြရာ အုပ်စု-၁။ အနေဖြင့် စီးပွားရေးရာလုံခြုံရေး၊ အုပ်စု-၂။ အနေဖြင့် အစားအစာလုံခြုံရေး၊ အုပ်စု-၃။ အနေဖြင့် ကျန်းမာရေးလုံခြုံရေး၊ အုပ်စု-၄။ အနေဖြင့် သဘာဝပတ်ဝန်းကျင်လုံခြုံရေး၊ အုပ်စု-၅။ အနေဖြင့် တဦးချင်းလုံခြုံရေး၊ အုပ်စု-၆။ အနေဖြင့် လူ့အဖွဲ့အစည်းလုံခြုံရေး၊ အုပ်စု-၇။ အနေဖြင့် နိုင်ငံရေးရာလုံခြုံရေးတို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
” MSMEs and Economic Security” အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အား ဆက်လက်ကျင်းပရာ MSME Development Centre မှ ညွှန်ကြားရေးမှုးက The role of SME in conflict affected areas နှင့် ပတ်သက်၍ MSME၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သုတေသနပြုမှု၊ အရေးပါသောကူညီပံ့ပိုးမှုများ၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ MSME တိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီး သုတေသနနှင့်မူဝါဒရေးရာ ညွှန်ကြားရေးမှုးက Promotion of SMEs for Economic Security in Myanmar နှင့် ပတ်သက်၍ ဆွေးနွေးရာ လက်ရှိမြန်မာ့စီးပွားရေးအခြေအနေများ၊ MSMEs လုပ်ငန်းများအတွက် အတားအဆီးများနှင့် MSME များကို မြှင့်တင်ရန်အတွက် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ SMEs facilities in fragile and conflict affected settings (FCV) နှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြီး MSME DC ၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးအကြံပြုကြပြီး အမြဲတမ်းအတွင်းဝန်မှ ကျေးဇူးတင်စကားပြောကြားပြီးနောက် ” MSMEs and Economic Security” အလုပ်ရုံဆွေးနွေးပွဲသည် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

This website page is unbelievable. The radiant substance reveals the moderator’s excitement. I’m awestruck and expect additional such astounding posts.