Diploma in Public Policy နှင့် Mini-MBA သင်တန်းပြီးမြောက်ကြောင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

ရက်စွဲ- အောက်တိုဘာလ (၁) ရက်၊ ၂၀၂၃ ခုနှစ်

အကြောင်းအရာ။ Diploma in Public Policy နှင့် Mini-MBA သင်တန်းပြီးမြောက်ကြောင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လုပ်ငန်းစဉ်များထဲမှ Myanmar Institute of Economy, Commerce and Industry (MIECI) သည် Diploma in Public Policy သင်တန်းအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း ဖွင့်လှစ်ခဲ့ပြီး Micro, Small, and Medium-sized Enterprises Development Center ( MSME Development Center) သည် Mini-MBA သင်တန်းအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် သင်တန်းများ ပြီးမြောက်ခဲ့ပါသည်။

Diploma in Public Policy နှင့် Mini-MBA သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်၊ မြန်မာစံတော်ချိန် ညနေ(၄)နာရီမှ (၆)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး၊ CDM Success Committee မှ တွဲဖက်အတွင်းရေးမှူး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်နှင့်တကွ အတွင်းဝန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးတာဝန်ခံများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းသူ/ သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက သင်တန်းသူ/သားများ၏ ကြိုးစားအားထုတ်မှုများအတွက် ဂုဏ်ယူဝမ်းမြောက်ရကြောင်း၊ တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့ရပ်ဝန်းတွင် စဉ်ဆက်မပြတ်သင်ယူလေ့လာမှုများ လိုအပ်သည့်အတွက် စွမ်းရည်မြှင့်သင်တန်းများဖြင့် လူထုကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုဝန်ကြီး ဦးစိုင်းခိုင်မျိုးထွန်းက ယခုလိုသင်တန်းများသည် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါကြောင်း၊ သင်တန်းပြီးမြောက်အောင်မြင်ခဲ့သူများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ရကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် CDM Success Committee ၏ တွဲဘက်အတွင်းရေးမှူး Dr.ဥက္ကာမှလည်း ကျွနုပ်တို့အားလုံးသည် အလုပ်လုပ်ရင်း သင်ယူရင်းနှင့် continuous professional development approach ဖြင့် ကြိုးပမ်းသွားကြရန်၊ federal democracy စနစ် ထွန်းကားရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းတွန်းကြရန် အားပေးစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာမှ ယခုလိုကာလအတွင်း အတတ်ပညာများဆည်းပူးလေ့လာရာတွင် ကြုံတွေ့ရသောအခက်အခဲများကို ထပ်တူထပ်မျှ နားလည်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုလို ဆုံးခန်းတိုင်အောင် တက်ရောက်ပါဝင်ခဲ့ကြသော သင်တန်းသူ/သားများအတွက် အလွန်ဂုဏ်ယူရပါကြောင်း၊ တော်လှန်ရေးအလွန်ကာလတွင် တိုင်းပြည်ကိုအတူတကွ ပြန်လည်ထူထောင်ကြမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး MIECI နှင့် MSME Development Center Director တို့မှ သင်တန်းပြီးမြောက်အောင်မြင်ခဲ့ကြသော Diploma in Public Policy မှ သင်တန်းသူ/ သင်တန်းသား (၄၅) ဦး၊ Mini-MBAမှ (၇၃) ဦးတို့ကို အသီးသီး ကြေညာခဲ့ကြပါသည်။

ထို့အပြင် Diploma in Public Policy နှင့် Mini-MBA သင်တန်းမှ သင်တန်းသူ/သင်တန်းသားအားလုံး၏ကိုယ်စား ဆရာတစ်ဦးနှင့် ဆရာမတစ်ဦးတို့မှ အသီးသီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တွဲဘက်အတွင်းဝန်မှ ကျေးဇူးတင်အမှာစကားပြောကြားပြီးနောက် သင်တန်းဆင်းပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top